မိုးရေစိုခဲ့ရင် ဆံပင်တွေ မပျက်စီးအောင် ကူညီပေးမယ့် နည်းနာလေးတွေ
ပူပြင်းတဲ့ကာလက လွန်မြောက်ပြီး မိုးရေစက်တွေ ရောက်လာလို့ ပျော်နေကြပြီလား။ အေးမြတဲ့ မိုးရာသီလေးက နေလို့ကောင်းပေမယ့်လည်း မိုးရေတွေနဲ့ စွတ်စိုထိုင်းမှိုင်းမှုတွေကြောင့် ဆံပင်တွေ ပျက်စီးမယ့် အန္တရာယ်တော့ ရှိနိုင်တယ်နော်။ ခါတိုင်းထက် ပိုပြီးဆံပင်ကျွတ်လွယ်တာ၊ ဆံသားတွေ ပျက်စီးတာ၊ ဗောက်ထတာ၊ ဦးရေပြား ယားယံတာနဲ့ အဆီတွေထွက်လာတာတွေက မိုးရာသီမှာ ဖြစ်လေ့ရှိတဲ့ အရာတွေပါ။
ဒါဆို ဆံပင်တွေ မပျက်စီးအောင် ဘာတွေ လုပ်သင့်လဲဆိုတာ ကြည့်လိုက်ရအောင်နော်။
(1) ဆီလိမ်းပြီး နှိပ်နယ်ပါ
ဆံသားသန်စွမ်း ကျန်းမာဖို့ ဆိုရင် မိုးရာသီတင် မဟုတ်ဘဲ ရာသီတိုင်းမှာ ဆီလိမ်းဖို့ လိုအပ်ပါတယ်။ လိမ်းလိုက်တဲ့ဆီက ဆံပင်ရဲ့ အရင်းအမြစ်တွေဆီထိ ရောက်ရှိသွားပြီး မိုးရေတွေကြောင့် ဆံပင်ပွယောင်းယောင်း ဖြစ်တာတွေကို သက်သာစေပါတယ်။
(2) ရေစိုနေရင် ခြောက်သွေ့အောင် သုတ်ပါ
ဆံပင်ကို စိုနေတဲ့ မိုးရေတွေကတဆင့် ဘက်တီးရီးယားနဲ့ ရောဂါပိုးတွေ ပါလာပြီး ဦးရေပြားရောဂါတွေ ဖြစ်နိုင်သလို အအေးမိနှာစေးတာမျိုးလည်း ဖြစ်နိုင်တာမို့ မိုးရေစိုနေရင် ခြောက်အောင်သုတ်ဖို့ အရေးကြီးပါတယ်။
(3) ဦးရေပြားကို သန့်ရှင်းအောင် ထားပါ
မိုးရေက အက်ဆစ်သတ္တိရှိတဲ့ ရေဖြစ်သလို ပျော်ဝင်နေတဲ့ ဓာတ်တွေနဲ့အတူ ဆံပင်ရဲ့ အရင်းအမြစ်နဲ့ ဦးရေပြားဆီ ရောက်တဲ့အခါ ဦးရေပြားရဲ့ pH level ကို ပျက်စေပြီး ဗောက်ထစေပါတယ်။ ဦးရေပြား သန့်ရှင်းအောင် ရှန်ပူပျော့ပျော့နဲ့ ခေါင်းလျှော်ပေးပါ။
(4) နေ့တိုင်းခေါင်းလျှော်ဖို့ မလိုပါဘူး
မိုးရေစိုလာတိုင်း နေ့စဥ်ခေါင်းလျှော်ဖို့ မလိုပါဘူး။ နေ့စဥ်ခေါင်းလျှော်တာက ဦးရေပြားက သဘာဝအဆီတွေကို ဆုံးရှုံးစေပြီး ဆံသားခြောက်သွေ့စေလို့ တစ်ပတ်မှာ ၂ ကြိမ်လျှော်ရင် လုံလောက်ပါတယ်။
(5) ခေါင်းလျှော်ရင် စင်အောင် လျှော်ပါ
ဖုန်နဲ့ အညစ်အကြေးတွေ၊ ခေါင်းလျှော်ရည်တွေကို စင်အောင် မလျှော်ရင် ဆံပင်တွေ ကျိုးကြေတာ၊ ကျွတ်လွယ်တာတွေ ဖြစ်လာပါလိမ့်မယ်။ ခေါင်းလျှော်နေစဥ် ဆံပင်ကို ဖြီးရင်လည်း ဆံသား ကျိုးကြေလွယ်ပါတယ်။
(6) မိုးရွာထဲသွားရင် ခေါင်းကို မစိုအောင် ဂရုစိုက်ပါ
မိုးရွာထဲသွားရင် မိုးကာ၊ ဦးထုပ်၊ ထီးစသည်တို့ဖြင့် မိုးရေမစိုအောင် ကာကွယ်သင့်ပါတယ်။
(7) ပရိုတင်း များများစားပါ
ဆံပင်ကို အားဖြည့်ပေးတာက ပရိုတင်းဓာတ်ပါ။ ပရိုတင်းတွေက ဆံပင်ကို သဘာဝအတိုင်း သန်စွမ်းစေသလို ဆံပင်ခြောက်သွေ့တာ၊ ကျွတ်တာ မဖြစ်အောင်လည်း ကာကွယ်ပေးပါတယ်။
မိုးရာသီက တခြားရာသီတွေထက် ဆံပင်ပြဿနာတွေ ပိုများပြီး ဆံသားပျက်စီးလွယ်ပါတယ်။ မိမိဆံပင်ကို ဂရုတစိုက် ထိန်းသိမ်းနိုင်မှသာ လှပတဲ့ ဆံနွယ်လေးတွေကို ပိုင်ဆိုင်နိုင်ပါလိမ့်မယ်။
Healtppy က စာတွေက အတွေးအမြင်ဗဟုသုတ တစ်ခုခု ရခဲ့မယ်ဆိုရင် တခြားသူများလဲ သိအောင် share ပေး၊ mention ပေးခဲ့ကြပါဦး။
ကျန်းမာရေး ပြဿနာများကို Healtppy ၏ အထူးကုဆရာဝန်ကြီးများနှင့်ဆွေးနွေးကုသနိုင်သလို၊ ဆရာဝန်များနှင့် လွယ်ကူလွတ်လပ်စွာ Messenger (သို့မဟုတ်) Phone ကနေလည်း ဆွေးနွေးကုသမှု ရယူနိုင်ပါတယ်။
ဒေါက်တာ ယဉ်ရွှေရည်